၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပထမအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပထမနေ့)တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်မှ ပြောကြားသည့် မိန့်ခွန်း

မင်္ဂလာပါ

                   မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံကြပါစေ။ မန္တလေးတိုင်းဒေသကြီးရဲ့ ကဏ္ဍစုံဖွံဖြိုး တိုးတက်ရေး ဆောင်ရွက်မှုများမှာ စိတ်တူ/ကိုယ်တူ ပူးပေါင်းဆောင်ရွက်နိုင် ကြပြီး အောင်မြင်မှုများ ရရှိပါစေလို့ ဆန္ဒပြုရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

          ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့မှ မတ်လ (၃၁) ရက်နေ့ထိ ပထမအကြိမ် တိုင်းဒေသကြီး ရဲ့          ပုံမှန်လွှတ်တော်ကြီးကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ရာ မတ်လ (၃၁) ရက် နေ့မှစတင်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့၊ တိုင်းဒေသကြီးတရားလွှတ်တော်တို့ကို ဖွဲ့စည်းတာဝန်ပေးအပ်နိုင် ခဲ့ပြီး လုပ်ငန်းတာဝန်များကို  ဥပဒေများနှင့်အညီ စနစ်တကျလည်ပတ်နိုင်ရေး ဆောင်ရွက်နိုင်ခဲ့ပါ သည်။ ကျွန်တော်တို့ တိုင်းဒေသကြီးရဲ့ ပထမအကြိမ် ပုံမှန် လွှတ်တော်အစည်းအဝေး ကျင်းပပြီး တဲ့နောက် တိုင်းဒေသကြီးရဲ့ ပြည်သူ့အကျိုးစီးပွားအတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေးဆိုတဲ့ မဏ္ဍိုင်ကြီး (၃) ရပ်ရဲ့ အပြန် အလှန်ထိန်းကျောင်းရေးကို ဖော်ဆောင်ပြီး ခေတ်သစ်၊ စနစ်သစ် တစ်ရပ်ကို အောင်မြင်စွာ ကူးပြောင်းနိုင်ခဲ့ကြပါတယ်။ ဒီလိုဆောင်ရွက်နိုင်ခဲ့တာကိုလည်း တိုင်းဒေသကြီး လူထုကိုယ်စား ကျွန်တော့်အနေနဲ့ အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါ တယ်။

          ကျွန်တော့်အနေနဲ့ နိုင်ငံတော်သမ္မတကြီးက ခန့်အပ်တာဝန်ပေးထားတဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တာဝန်ကို ကြိုးစားဆောင်ရွက်လျက် အမျိုးသားအကျိုးစီးပွားကို အလေးထားဆောင်ရွက် လျက်ရှိပါတယ်။ ပြည်သူလူထုက မျှော်လင့်နေတဲ့ ကောင်းမွန်မှန်ကန်သော အုပ်ချုပ်ရေး၊ သန့်ရှင်း သော အစိုးရဖြစ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လူမှုစီးပွားဘဝများ လုံခြုံဖွံ့ဖြိုးတိုးတက်ရေးများကို အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့တစ်တွေဟာ ပြည်သူ လူထုက ရွေးကောက်တင်မြှောက်ခံရသူများဖြစ်တာနဲ့အညီ လုပ်ငန်းတာဝန်များ ဆောင်ရွက်တဲ့ နေရာမှာ ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံပြီး ပြည်သူ့အသံကို နားထောင်ပါတယ်။ ထပ်မံပြီး အသေးစိတ်အခြေအနေများ လေ့လာပါတယ်။ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးပါတယ်။ ထို့ကြောင့်လည်း ယခု တိုတောင်းတဲ့ အချိန်ကာလအတွင်းမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်များကို ပြည်သူလူထုက စတင်မြင်တွေ့နေပြီဖြစ်ပါတယ်။ ဝန်ထမ်းအဖွဲ့အစည်း များနဲ့ ပတ်သက်ပြီး ပြည်သူလူထုအပေါ် အလုပ်အကျွေးပြုသူများအဖြစ်ခံယူပြီး စေတနာထား ဆောင်ရွက်ရေး စည်းကမ်း၊ ဥပဒေဘောင်အတွင်းမှ ကူညီဆောင်ရွက်ပေးရေး မိမိတို့ဘက်မှ အမှားမပါအောင် ဆောင်ရွက်ရေးကိစ္စရပ်များကို အောက်ခြေအဆင့်ထိ ရှင်းပြ/ကြပ်မတ် ဆောင်ရွက် လျက်ရှိပါတယ်။ ထို့အတူ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှု အသိပညာ များ၊ ဥပဒေ/စည်ကမ်းကန့်သတ်ချက်များ သိရှိနားလည်စေရေးများကို ဆောင် ရွက်ပေးလျက် ရှိပါတယ်။

လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား

          နိုင်ငံတော်သမ္မတကြီးရဲ့ လမ်းညွှန်ချက်ဖြစ်တဲ့ ကျေးလက်ဒေသဖွံဖြိုးရေးနှင့်  ဆင်းရဲနွမ်းပါး မှု လျှော့ချရေးလုပ်ငန်းစဉ် (၈) ရပ်ကို တိုင်းဒေသကြီးအစိုးရမှ အင်တိုက်အားတိုက် အကောင်ထည် ဖော် ဆောင်ရွက်လျက်ရှိတဲ့နေရာမှာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများကိုယ်တိုင် ကျေးရွာများအထိ ကွင်းဆင်း စည်ရုံး ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ခဲ့ရာ အထူးထိရောက် အောင်မြင်လျက်ရှိပါတယ်။ မြို့နယ် အသီးသီးက လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများလည်း ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ကြလို့  ယခုလို အောင်မြင်ခြင်းဖြစ်တယ်လို့လည်း အသိမှတ်ပြုပြောကြားလိုပါတယ်။ ထို့အပြင်  ကျေးလက် ပြည်သူ လူထု၏ လိုအပ်ချက် အခြေနေမှန်ကို သိသော၊ လူထုကို စေတနာထားကူညီချင်စိတ်ရှိသော လုပ်ငန်းရှင် ကြီးများ၏ ပံ့ပိုးကူညီမှုများကလည်း ကျွန်တော်တို့၏ လုပ်ငန်းအပေါ် အဓိကထိရောက် မှုရှိခဲ့ကြောင်း ကိုလည်း အသိမှတ်ပြုပါ တယ်။

          ကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်များအပေါ် ထပ်မံပံ့ပိုးပေးတဲ့နေရာမှာ လွှတ်တော် ကိုယ်စားလှယ်များရဲ့အားဟာ အထူးထိရောက်ခဲ့ပါတယ်။ အစိုးရအဖွဲ့နဲ့ လွှတ်တော် ကိုယ်စားလှယ် များ ဆက်သွယ်မှုလမ်းကြောင်းကို ဖွင့်ပေးထားပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုချက်၊ တင်ပြချက်များအပေါ် အလေးထားဆောင်ရွက်ပေးခြင်း၊ ရှင်းလင်းဖြေကြားပေး ခြင်းတို့ဟာ ကျွန်တော်တို့ အစိုးရအဖွဲ့နဲ့  လွှတ်တော်ကိုယ်စားလှယ်များ အားလုံးအနေနဲ့ တစ်ချိန် တည်း တစ်ပြိုင် တည်း တိုင်းဒေသကြီးအတွက် ဆောင်ရွက်ပေးနေတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်ပေး လျက် ရှိပါတယ်။ ဒါကြောင့်လည်း အစိုးရအဖွဲ့ရဲ့ဆောင်ရွက်ချက်များဟာ လျင်မြန် နေတယ်လို့လည်း လူထုရဲ့အသံတွေကြားနေရပါတယ်။ ဒီကနေ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ကိစ္စရပ်များကို မြို့နယ်တိုင်းမှာ ဆောင်ရွက်လျက်ရှိရာ ကျေးရွာပေါင်း (၅၁၄) ရွာမှာ ကူညီပေးနိုင်ခဲ့ ပြီးဖြစ်ပါတယ်။ ကျေးရွာ (၁၁၁) ရွာမှာ မီးလင်းရေး ကိစ္စရပ်များ ဆောင်ရွက်ပေး နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ကျေးလက်လူမှုစီးပွားရေး ဖွံဖြိုးတိုးတက်ရေး အတွက်လည်း ကဏ္ဍတိုင်းမှာ ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒီဆောင်ရွက်ချက်ဟာ တစ်ချိန်တည်းတစ်ခါတည်း အတွက် မဟုတ်ဘဲ  အမြဲကူညီ/ဖြည့််ဆည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာအားလုံး ဖွံ့ဖြိုးတိုးတက်ဖို့ဆောင်ရွက်သွားပါမယ်။ ကျွန်တော်တို့တတွေ ယခုလို ကျေးလက် ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ကြတဲ့နေရာမှာ အစုအဖွဲ့ ကဏ္ဍဖြစ်ပေါ်လာမှသာ ရေရှည်ရှင်သန် အောင်မြင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျေးလက် ဒေသမှ စိတ်တူကိုယ်တူ လူတွေစုပေါင်းပြီး အစုအဖွဲ့များစုဖွဲ့ကာ ယခုတိုင်းဒေသကြီး အစိုးရမှ ကူညီဆောင်ရွက်ပေးမှုများကို လက်ခံ/ဆက်လက် အကောင်အထည်ဖော်သွားရ မှာဖြစ်ပါတယ်။ တိုင်းဒေသကြီးအစိုးရရဲ့ သက်တမ်းဟာ နုပါသေးတယ်။ သို့ပေမယ့် ကျွန်တော်တို့ အစိုးရအဖွဲ့ အနေနဲ့ နိုင်ငံရေး၊ စီပွားရေး၊ လူမှုရေး ကဏ္ဍအသီးသီးမှာ ပြည်သူ လူထုအကျိုးကို ရှေ့တန်းတင်ပြီး ကြိုးပမ်းဆောင်ရွက်နေကြတယ်ဆိုတာ တင်ပြခဲ့ ခြင်းပဲ ဖြစ်ပါတယ်။

          ယခုအခါ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ကို ဖွဲ့စည်း/တာဝန်များ ပေးအပ်ထားပြီး ဖြစ်ပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အပ်နှင်းထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အသုံးပြုပြီး တိုင်းဒေသကြီးအတွက် ဆောင်ရွက်တဲ့နေရာမှာ လိုအပ် သော ဥပဒေများ ထုတ်ပြန်လေ့လာမှုများ ပြုလုပ်ခြင်း၊ ဌာနအလိုက် လက်ရှိအခြေအနေနှင့် ကိုက်ညီ သော ဥပဒေများ ပြန်လည်ပြင်ဆင်ရေးဆွဲနိုင်ရန် စိစစ်ခြင်းများကို ဆောင်ရွက်လျက် ရှိပါတယ်။

          တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေအတွက် ခွင့်ပြုသတ်မှတ် ပေး ထားသော အခွန်/အကောက်ဆိုင်ရာ ကိစ္စရပ်များကို ဥပဒေများနှင့်အညီ စနစ်တကျနဲ့ မှန်မှန် ကန်ကန်ဖြစ်ရေး ဆောင်ရွက်ပေးနေသလို အခွန်ထမ်းပြည်သူဘက်ကလည်း တာဝန်သိမှု/ တာဝန်ရှိမှု စိတ်ထားများထားရှိပြီး မှန်မှန်ကန်ကန်ပေးသွင်းကြဖို့ လိုအပ်ပါတယ်။ တစ်ဉီးနှင့်တစ်ဉီး ယုံကြည်မှု ရှိအောင် စီမံဆောင်ရွက်ပေးလျက်ရှိပါတယ်။ အခွန်ဘဏ္ဍာငွေ အပြည့်အဝရရှိပါမှသာ တိုင်းဒေသကြီး အတွက် ဆောင်ရွက်ပေးရန်များကို  ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။

လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား

          ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဟာ မိမိတိုင်းဒေသကြီးအတွက် ဘဏ္ဍာငွေကြေး ဆိုင်ရာများကို စနစ်တကျ စီမံခန့်ခွဲသုံးစွဲရပါမယ်။ ဥပဒေပါ ခွင့်ပြုထားသော ကဏ္ဍအသီးသီးမှ အခွန် ကောက်ဆိုင်ရာများကို စနစ်တကျကောက်ခံရပါမယ်။ ယခုဆိုရင် အောက်တိုဘာလ (၁) ရက်နေ့မှ စတင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အစိုးရအဖွဲ့အနေနဲ့ ဘဏ္ဍာငွေကြေး ဆိုင်ရာများသုံးစွဲမှုပြုတဲ့နေရာမှာ လိုအပ်တဲ့နေရာမှာ ထိရောက်စွာအသုံးပြုနိုင်ရေး၊ လိုအပ်သလောက် သာလျှင် စိစစ်အသုံးပြုရေးကို ဉီးတည်ပြီး စီမံခန့်ခွဲသုံးစွဲသွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်သွားဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ အခုမှ စတင် ကိုင်တွယ်ရသည့်အတွက် ပြည်ထောင်စုဝန်ကြီး ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရခြင်းများကိုလည်း စနစ်တကျ ဆက်သွယ် ဆောင်ရွက်လျက်ရှိပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး အတွက် များများသုံးစွဲနိုင်ဖို့၊ ထိထိရောက်ရောက် သုံးစွဲနိုင်ဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ စည်ပင်သာယာ ရေး လုပ်ငန်းများကို ထိထိရောက်ရောက်ဖြစ်အောင် ဆောင်ရွက် နေပြီဖြစ်ကြောင်းကိုလည်း အသိပေး ပြောကြားလိုပါတယ်။

          ထို့ပြင် ကျွန်တော်တို့ တိုင်းဒေသကြီးရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ပိုမို တိုးတက် အောင် အသေးစိတ်စီမံဆောင်ရွက်လျက်ရှိပါတယ်။ အသားတင် ထုတ်လုပ်မှုတန်ဖိုး ဟာ ယခင်နှစ်က ၄၈၇၂.၁၁၁ ဘီလီယံ ရှိခဲ့ပါတယ်။ တစ်ဦးချင်းဝင်ငွေဟာ (၅၉၀၀၄၄) ဖြစ်ပါတယ်။ ကဏ္ဍစုံအတွက် နှစ်စဉ်တိုးတက်မှုကို ယခုလွှတ်တော်သက်တမ်း (၅) နှစ် အတွက် မျှော်မှန်း စီမံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

          ကျွန်တော်နှင့်တကွ လွှတ်တော်ကိုယ်စားလှယ်အားလုံးဟာ မန္တလေးတိုင်းဒေသကြီးရဲ့ ဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်သူလူထုရဲ့ လူမှုစီးပွားရေးများ တိုးတက်ကောင်းမွန်ရေး တို့အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားကြမယ်လို့ သန္နိဋ္ဌာန်ပြုပြီး လက်တွေ့ ဆောင်ရွက်နေကြသူများ ဖြစ်ပါ တယ်။ အားလုံးဟာ စိတ်တူကိုယ်တူ ဖြစ်ကြပါတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးမှာ လွှတ်တော်၊ အစိုးရ အဖွဲ့နှင့် တရားစီရင်ရေး မဏ္ဍိုင်ကြီး  (၃) ရပ်ဟာ ရှင်သန်သွက်လက်စွာနဲ့ ဆောင်ရွက်နေကြ ပြီဖြစ်လို့ ခေတ်သစ်စနစ်သစ်ကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ကြမယ်လို့ ယုံကြည်မှု အပြည့်ရှိထား ပြီး ဖြစ်ပါတယ်။

          လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား

          နိဂုံးချုပ်အနေနဲ့ ကျွန်တော်တို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဟာ မိမိရဲ့နယ်မြေ ဒေသ အခြေအနေ၊ ပြည်သူတွေရဲ့ အခြေအနေတွေကို သိရှိနားလည်ထားကြပြီးတဲ့ အလျောက် လိုအပ်ချက် များ ဖြည့်ဆည်းဆောင်ရွက်ပေးရင်း ပြည်သူလူထုရဲ့ အကျိုးစီးပွားကို အစွမ်းကုန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ပေးသွားမယ်လို့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။