လွှတ်တော် / သတင်းနှင့်ပြန်ကြားရေး / ကြေညာချက်များ / ဒုတိယအကြိမ် လွှတ်တော် / အသေးစိတ်အချက်

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ၃ နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ပြောကြားသော မိန့်ခွန်း


“ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ၃ နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်လာသော လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးဝန်ထမ်းများ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ ကိုယ်စိတ်နှလုံး ရွှင်ပြုံးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်တစ်ခုနဲ့တစ်ခု အပြန်အလှန်ထိန်းကျောင်းဖို့ လိုပါတယ်၊ မဏ္ဍိုင်တစ်ခုက လွှမ်းမိုးသွားတယ်ဆိုရင် တစ်ဖက်စောင်းနင်းဖြစ်သွားမှာပါ၊ လွှတ်တော်ရဲ့အဓိကတာဝန်တွေဖြစ်တဲ့ ဥပဒေပြုရေးဟာ အခြေခံဥပဒေနဲ့ လိုက်လျောညီထွေဖြစ်သလို ပြည်ထောင်စုက ပြုတဲ့ဥပဒေနဲ့လည်း ဆန့်ကျင်လို့မရဘူး၊ ဥပဒေပြုရေးက အဓိကတာဝန်ဖြစ်တဲ့အတွက် ကိုယ်စားလှယ်တွေအနေနဲ့ အာရုံစိုက်ပြီးလေ့လာသုံးသပ်ဖို့လိုပါတယ်။ လွှတ်တော်ရဲ့ဂုဏ်သိက္ခာဟာ လွှတ်တော်က ပြည်သူ့ဘက်ကနေ ဘယ်လောက်ရပ်တည်မလဲဆိုတာမူတည်ပါတယ်၊ စေတနာသန့်သန့်နဲ့ ကိုယ့်ဘာကိုယ်မှန်ရင် စေတနာက ပြန်အကျိုးပေးပါလိမ့်မယ်၊ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာမြင့်တက်စေချင်သလို အစိုးရအဖွဲ့ရဲ့ ဂုဏ်သိက္ခာလည်း မြင့်တက်စေချင်တယ်၊ လုပ်နေတဲ့ကာလအတောအတွင်းမှာ ပြည်သူ့ဘက်က ရပ်တည်ပြီး ပြည်သူ့အကျိုးလုပ်ခဲ့တယ်ဆိုတာ သမိုင်းက သက်သေပေးမှာပါ၊ တာဝန်ကျေတယ်/ မကျေဘူးဆိုတာ ပြည်သူကပဲဆုံးဖြတ်မှာပါ၊ မဲဆန္ဒရှင်က အဆုံးအဖြတ်ပေးမှာပါ။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီသည် အလွန်ကြာညောင်းစွာချီတက်ရပြီး ဒီမိုကရေစီကို ကျင့်သုံးနိုင်သည့် အချိန်ကာလသည် လွှတ်တော်သက်တမ်းဒုတိယအကြိမ် ရောက်ရှိလာပြီဖြစ်ပါတယ်။ မိမိတို့အနေဖြင့် လုပ်ငန်းများစွာ ဆောင်ရွက်ရန်ကျန်ရှိနေပါသေးတယ်။ မိမိတို့မျှော်မှန်းသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပန်းတိုင်ကို မျက်ခြည်မပြတ်သင့်ပါကြောင်းနှင့် နိုင်ငံရေးဆိုတာ တစ်နိုင်ငံလုံးခြုံကြည့်ပြီး ဆောင်ရွက်ရတာဖြစ်ပါတယ်။ ပြည်သူတွေကို နိုင်ငံရေးအသိ ရေချိန်မြင့်အောင်လုပ်ပေး ရမယ့် တာဝန်ရှိပေမယ့် ပြည်သူတွေနိုင်ငံရေးမလုပ်နိုင်ပါဘူး၊ စားဝတ်နေရေးရှိသေးတယ်၊ ဒါကြောင့် သူတို့ကိုယ်စားလှယ်လုပ်ပေးဖို့ ပါတီတွေ အလျှိုအလျှိုပေါ်လာတာဖြစ်ပါတယ်၊ ရည်မှန်းချက်တူပေမယ့် နိုင်ငံရဲ့အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ထူထောင်ဖို့ဆိုတာ ပါတီတွေ အင်အားမကောင်းဘဲနဲ့ ဘယ်တော့မှမအောင်မြင်ပါဘူး၊ ဒီမိုကရေစီဟာ ပါတီတွေရဲ့ အခရာဖြစ်ပါတယ်။ ဆက်လက် ကြိုးစားကြပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ”