လွှတ်တော် / သတင်းများ/ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၂၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကျင်းပ

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၂၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကျင်းပ

နေ့စွဲ
2.12.2020
အချိန်

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၂၁)ကြိမ်မြောက် ပုံမှန်အစည်းအ​ဝေး (ဒုတိယနေ့)ကို ၂.၁၂.၂၀၂၀ ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၌ အစီအစဉ်(၈)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ခေတ္တတရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ် နှင့် တိုင်းဒေသကြီး စာရင်းစစ်ချုပ် စုစုပေါင်း(၇၀)ဦး တက်ရောက်ခဲ့ကြသည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၃)ဦး မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း(၃)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတကအဆိုပြုသော “မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၏ အမည်စာရင်းနှင့်ပတ်သက်၍ လွှတ်တော်ဉက္ကဋ္ဌက လွှတ်တော်၏ သဘောထား ရယူရာ သဘောတူသည့်အတွက် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဦးကြည်သိန်း(ခ)ဦးကြည်သိန်းအောင်အား ခန့်အပ်တာဝန်ပေးအပ်ရန် လွှတ်တော်ကသဘောတူကြောင်း ကြေညာခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်ကအဆိုပြုသော “မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး”၏ အမည်စာရင်းနှင့်ပတ်သက်၍ လွှတ်တော်ဉက္ကဋ္ဌက လွှတ်တော်၏ သဘောထား ရယူရာ သဘောတူသည့်အတွက် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးအဖြစ် ဒေါ်ကြည်ကြည်စိန်းအား ခန့်အပ်တာဝန်ပေးအပ်ရန် လွှတ်တော်က သဘောတူကြောင်း ကြေညာခဲ့ သည်။

ဒုတိယအကြိမ်  မန္တလေးတိုင်းဒေသကြီးလွှတ်တော်  (၂၁)ကြိမ်မြောက်  ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကိုရပ်နားကြောင်းနှင့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၂၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့)ကို (၄.၁၂.၂၀၂၀)ရက် (သောကြာနေ့) နံနက်(၁၀၀၀)နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာကာ (၁၀၂၅)နာရီအချိန်တွင် အစည်းအဝေးအောင်မြင်စွာ ပြီးမြောက်ခဲ့သည်။